Tuesday, 15 April 2014

သင်္ကြန်အကျနေ.


Yangon City Hall Thingyan Stage



Here are snapshots of performances of Yangon City Hall Thingyan Stage on Pre Thingyan Festival Day on April 13, 2014. Myanmar well-known vocalists; Thein Tan (Myanmar Pyi), Graham, Tu Tu, Irin Zin Mar Myint, Yuzana and other singers performed at the Yangon City Hall Thingyan Stage. (Photos by Wai Yan)












Friday, 11 April 2014

Modified Penis ပန်းအဖျား အဆန်းအပြားလုပ်ခြင်းများ

ဒီစာကို ဖေ့စ်ဘွတ်မှာတင်ရမလား စဉ်းစားနေခဲ့တာ အတော်ကြာပါပြီ။ အခုလဲ မတင်သင့်ဘူးလို့ ပြောမှာတွေ ရှိနိုင်ပါတယ်။ အပြစ်တင်ခံပြီး၊ ဒုက္ခရောက်နေသူတွေနဲ့ ဒုက္ခရောက်နိုင်စရာသူတွေအတွက် တင်ဘို့ဆုံးဖြတ်လိုက်ပါတယ်။

ယောက်ျားတွေ ကိုယ့်အင်္ဂါကို ဘာအတွက်ဖြစ်ဖြစ် အဆန်းလုပ်တာတွေမှန်သမျှ နောက်ကြောင်း မအေးပါ။ အဆန်း ဆိုတာတွေက တကယ့်အဆန်းတွေ။ ပစ္စည်းတမျိုးမျိုး ထည့်တာ၊ ဆေးထိုးတာတွေပါတယ်။ လူဖြစ်ရှုံးတဲ့အထိ ဆက်ဖြစ်တာတွေ တကယ်ရှိပါတယ်။ တိုက်ရိုက်မေးလို့ တိုက်ရိုက်သာဖြေတာမို့ ဘလော့ခ်မှာရော ဖေ့စ်ဘွတ်မှာပါ မတင်ပါ။

၁။ ကျားအင်္ဂါဆေးထိုးတဲ့ အန္တရာယ်တွေ၊
၂။ အရပ်နည်း ထပ်ပြီးမလုပ်ကြပါနဲ့၊
၃။ ကျားအင်္ဂါ ကြီးစေခြင်း (၆) ဆိုးကျိုးတွေ၊
၎။ ကျားလိင်အင်္ဂါ ဆေးထိုးခြင်း (၂) စာတွေရေးထားပါတယ်။ ဖေ့စ်ဘွတ်မှာတော့ မတင်ပါ။

လူဆိုတာ အာရုံခံစားနိုင်စွမ်း မတူကြပါ။ ‘ကဲချင်သူ’ ရှိပေမဲ့၊ ‘လှေကြီးထိုးသမား’ ပိုများတယ်။ အမျိုးသမီးတွေမှာလည်း ဒီလိုပါဘဲ။ အဆန်းဆိုတာမျိုးက စိတ်ကိုလှုတ်ရှားစေနိုင်ပေမဲ့ ကြောက်စရာလည်း ဖြစ်နိုင်တယ်။ လူငယ်၊ လူလွတ်ဘဝမှာ စိတ်နောက် လိုက်ရတာတွေ များကြမယ်။ ဒါပေမဲ့ ဘယ်သူမှ တသက်လုံး ငယ်မနေကြ၊ လွတ်မနေကြပါ။ တချိန်မှာ သူများထက် ကဲချင်သူတွေဟာ သူများထက် သတိကဲစရာတွေရှိပါမယ်။

• လိင်အင်္ဂါထဲဆေးထိုးခြင်း
ဆရာဝန်တွေ ကျားလိင်အင်္ဂါကိုဆေးထိုးခိုင်းတာက Caverject ထိုးဆေးဖြစ်တယ်။ ပန်းသေပန်းညှိုးဖြစ်လို့ ထိုးရတာပါ။ ဆေးကုပေးတာပါ။ ဒါပေမဲ့ အရပ်နည်းနဲ့ လက်တည့်စမ်းကြတယ်။ Vaseline နဲ့ Olive oil တွေကို ထိုးထည့်ကြတယ်။ တခြားနိုင်ငံတွေမှာသုံးတဲ့ Silicone နဲ့ Paraffin ထက် ရှာရတာလွယ်လို့ ဖြစ်တယ်။ ပိုးဝင်တာ အနည်းနဲ့အများ ဖြစ်တယ်။ နောင်မှာ ထိုးထားတာတွေနဲ့ အသားမာတွေကို ပြန်ထုတ်ပြစ်ဘို့ ဆရာဝန်တွေက အကြံပေးရတယ်။ မိမွေးတိုင်း မဟုတ်တော့ပါ။

အလေးစား သတ္တုတွေကိုလဲ ထည့်ကြတယ်။ လိင်အင်္ဂါအနာ ဖြစ်ရင် ကုသရတာ ပိုခက်ခဲတယ်။ ပုံမှန်ခွဲစိတ်ခမ်းသုံး ကရိယာတွေနဲ့ မရတာမျိုးဖြစ်တတ်တယ်။ Ring cutters, Bolt cutters, Motorized rotary tool စတဲ့ စက်ပြင်ကရိယာတွေ သုံးရတတ်တယ်။ Barbell နဲ့ Sledgehammer head တွေကို ထုတ်ပေးရတာ တကယ်ရှိတယ်။ မြန်မာပြည်မှာတော့ ‘စက်ဘီးဘောစေ့’ ထည့်ထားတာကို ကိုယ်တိုင်ထုတ်ပေးရဘူးတယ်။ သူ့ဇနီးပါလိုက်တာပြီး ခွဲထုတ်ခိုင်းတာပါ။

လိင်တံထဲ ဆေးထိုးကြတဲ့ ထိုင်းအမျိုးသား (၈) ဦးကို လေ့လာမှုတခု လုပ်ထားတာ ရှိတယ်။ အသက် ၂၄ နှစ်ကနေ ၅၂ နှစ်အထိဖြစ်တယ်။ သူတို့ထဲက ၇၅% မှာ လိင်အင်္ဂါနာတယ်လို့ ပြောတယ်။ အဲလိုဖြစ်သွားတာကို ဆေးကုပေးရတာလဲ မအောင်မြင်သလောက်ရှိခဲ့တယ်။ ၈၇့၅% က ကိုယ်တိုင် ဆေးထိုးတာကို လေ့လာမှု မတိုင်ခင် ပျမ်းမျှ ၁့၈ နှစ်တုံးက လုပ်ခဲ့တယ်။ သူတို့အားလုံးဟာ လိင်ဆွဲဆောင်မှုကို မျှော်ကိုးပြီး သူငယ်ချင်းတွေ တိုက်တွန်းလို့ လုပ်ကြတာဖြစ်တယ်။ ဒီလေ့လာမှုထဲက လူတွေမှာ နောင်မှာ အနာဖြစ်တာ မတွေ့ရပေမဲ့ အရင်လေ့လာမှုမှာ လိင်တံမှာ အနာဖြစ်တာ ရှိတယ်။

• ပန်းအဖျား အဆန်းအပြားလုပ်ခြင်း
ယောက်ျားအင်္ဂါမှာ အဆန်းထွင်တာတွေကို ဆေးရုံတွေမှာ လုပ်မပေးပါ။ လုပ်ပေးနိုင်သူများကို တိုးတိုးတိတ်တိတ် အပူကပ်ပြီး၊ တမင်တကာ ပစ္စည်းတခုခု ထည့်ခိုင်းတတ်တယ်။ ဒီလိုလုပ်တာက စိတ်ကူးကတော့ ကြီးအောင်၊ ထူးအောင် နေမှာပေါ့။ ခွဲစိတ်တုံးမှာ ပိုးမွှားမဝင်ရင် ကံကောင်းပါတယ်။ အမှန်က သီအိုရီအရပြောရရင် ကိုယ်ပိုင်ပစ္စည်း မဟုတ်တာကို ကိုယ်ထဲမှာ ကြာကြာလက်မခံပါ။ နောက်ကြ ထုတ်ပြစ်ရမှာပါ။ ‘မောင်အေး-နှစ်ခါနာ’ ဖြစ်ပါမယ်။

ယောက်ျားအင်္ဂါမှာ တခြားအရာတခုခု စွပ်ထားတာ၊ ထိုးသွင်းထည့်ထားတာ၊ ဆေးတမျိုးမျိုးထိုးထားတဲ့လူနာတွေကို တွေ့ရတတ်ပါတယ်။ တချို့မှာ အဖေါ်မိန်းမကနေ ကူညီလုပ်ပေးတာလဲ ရှိတယ်။ အတူနေဖက်က ဘယ်လို စိတ်ထားမလဲ မပြောတတ်ပါ။ တခါတလေဆိုတာမျိုး စိတ်လှုပ်ရှားနိုင်မယ်။ ဒါပေမဲ့ အများစုဟာ သဘာဝမဟုတ်တာကို လက်ခံဘို့ ခက်မယ်ထင်ပါတယ်။ (ကွန်ဒွမ်) သုံးတာတောင် လက်မခံချင်တဲ့ မိန်းကလေးတွေ ရှိတယ်။

သူများကို ဆွဲဆောင်ချင်တဲ့စိတ်ဆိုတာက ပုံမှန်ပါဘဲ။ ဒါပေမဲ့ လမ်းမှန်ပါစေ။ ကိုယ့်အဖေါ်က ဘာကိုလိုလားသလဲ။ ‘ပိုက်ဆံပေးရသူဆိုရင် ပိုက်ဆံသာလိုတာပါ’။ တရားဝင်အိမ်ထောင်ပြုထားသူအတွက် ‘သာယာမှု၊ ကျေနပ်မှု၊ လုံခြုံမှု၊’ တွေကို ပေးစွမ်း-ဖြည့်ဆီးနိုင်ဘို့ဟာ ကိုယ်အင်္ဂါထူးခြားတာထက် ပိုပါတယ်။ ဂဏန်းလိုပြောရင် ရှည်တာ၊ ကြီးတာတွေက အရည်အတွက်အရများတာ မှန်ပါတယ်။ ဒါပေမဲ့ ‘လူ့ဆက်ဆံရေးဆိုတာ သင်္ချာနည်းတက် လေးနက်-နူးညံ့၊ ရှုတ်ထွေး-ကျယ်ပြန့်ပါတယ်’။

ဒီကိစ္စမျိုးကို ဗမာပြည်မှာ ခိုးကြောင်ခိုးဝှက်သာ လုပ်ရတာမို့ ပိုပြီးစိတ်မချရပါ။ ညဈေးလို၊ နေ့ခင်းလမ်းဘေးဈေးလိုမှာ လူကဲခပ်ပြီး၊ လက်တို့ရောင်းတဲ့ အရာတွေဟာ အညာတွေပါ။ ပရုပ်အမှုံ့ကို ပီယဆေးလိုလို၊ ဆွဲဆောင်ဆေးလိုလို လုပ်ရောင်းတာရှိတယ်။ ရာဘာကွင်းမှာ အမွှေးအမျဉ် တပ်ရောင်းတာလဲ ရှိတယ်။ ကိုယ့်အတွက်လဲ စိတ်မချရသလို အဖေါ်ကိုလဲ ထိခိုက်နိုင်တယ်။ သူငယ်ချင်းကောင်း ရွေးပေါင်းပါ။

• ဂေါ်လီထည့်တာ အန္တရာယ်ရှိနိုင်ပါသလား။ ရိုးရိုးသာမန်နဲ့ ဘာကွာနိုင်ပါသလဲ။ သူငယ်ချင်းက ထည့်ထားပါတယ် ဆရာ။ သူက အခုကျနော်ကိုထည့်ဖို့ တိုက်တွန်းနေလို့ပါ။ ကိုယ့်အပေါ်စွဲလမ်းမှု ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဟုတ်နိုင်ပါ့မလား။

သူငယ်ချင်းကပြောတဲ့ ရည်ရွယ်ချက်အတွက်ဆိုရင် သူပြောတာ တချို့တဝက် မှန်နိုင်ပါတယ်။ လူဆိုတာ တယောက်နဲ့ တယောက် ဘယ်ကိစ္စမှာဖြစ်ဖြစ် အကြိုက်မတူကြပါ။ တယောက်ထဲတောင်မှ တချိန်နဲ့ တချိန် မတူတတ်ပါ။ ဆေးပညာသက်သက် ကြည့်ပြောရရင် ကိုယ်အင်္ဂါထဲကို ပစ္စည်းတခုခု ထည့်တယ်ဆိုတာ Foreign body တခု သွင်းထားတာပါ။ လူ့ကိုယ်က ကိုယ့်အရာ မဟုတ်တာဆို လက်မခံဘူး။ နှလုံးအစားထိုး၊ အသဲအစားထိုး၊ ကျောက်ကပ် အစားထိုးပေးရတာမှာ အဲဒီသဘောကို လွန်ဆန်ဘို့ ကြိုးစားရတာဟာ ဆရာဝန်တွေအဖို့ သိပ်ခေါင်းစားတယ်။ လူနာလည်း ငွေကုန်-လူပန်း မဟုတ်လား။ တမင်တကာ ခုခံအားနည်းနေစေအောင်ဆေးမျိုး ပေးနေရတယ်။

ခွဲစိတ်ကုသတဲ့အခါ သွေးထွတ်တာ တားဘို့ သွေးကြောကို ချည်ပေးရတဲ့ အပ်ချည်စကိုတောင် တိုနိုင်သမျှ တိုအောင် ဖြတ်ပေးမှ။ ခြေကျိုး-လက်ကျိုး သတ္ထုချောင်းထည့်ထားရင်လည်း နောက်ဆိုပြန် ဖြုတ်ပေးရတတ်တယ်။ လူ့အသွေးအသားက သူ့ကိုယ်ပိုင်မဟုတ်တာ ဝင်နေလို့ကတော့ ထုတ်ပြစ်ဘို့ အချိန်ရှိသ၍ ကြိုးပမ်းနေလိမ့်မယ်။ ဗိုက်ခွဲချုပ်ရိုးကနေ အပ်ချည်စ ပြန်ထုတ်ပေးရတာ အကြောင်း မဟုတ်လှဘူး။ သူငယ်ချင်းရဲ့ ဟိုနေရာမှာ တခုခု ဖြစ်လို့ကတော့ ရည်ရွယ်ချက်နဲ့ ပြောင်းပြန် ဖြစ်သွားရင် ပြီးပါလေရော။

• ဆရာဝန်ဘက်က လိုအပ်ချက် (၅-၄-၂ဝ၁၄ နေ့ရတဲ့စာပါ။)
နယ်ဘက်ကပါဆရာ။ အထူးကုဆေးခန်းမှာ ပန်းအဖျားလှီးတာ၊ Circumcision လို့ ပြောပါတယ်။ အရေပြား ဖြတ်တာ များသွားပြီး၊ တိုသွားပါတယ်။ မိန်းမနဲ့လည်း ဆက်ဆံဖို့ ခက်ခဲနေပါတယ်။ ၂ နှစ်ခန့် ရှိပါပြီ ကလေးလဲမရတော့ပါ၊ ကူညီပါဆရာ။

ဆောရီးဗျာ။ ဖြစ်တတ်ကြပါတယ်။ ကလေးမရစေတာကတော့ အဲဒီခွဲစိတ်မှုကြောင့် မဖြစ်နိုင်ပါ။ ဖြတ်တာကလိုတာထက် များသွားလို့ ဖြစ်ပါမယ်။ ပြန်တော့ အလိုလိုရှည်မလာနိုင်ပါ။ ပလပ်စတစ်ခွဲစိတ်နည်းနဲ့ လုပ်ရင် ရနိုင်ပါမယ်။ အရေပြား အစားထိုးပေးတာမျိုးလုပ်နိုင်မယ်လို့ မှန်းဆကြည့်တာပါ။ ဆီးလမ်း အထူးကုဆရာဝန်ဖြစ်ဖြစ်၊ Plastic surgeon ကိုဖြစ်ဖြစ် တိုင်ပင်ကြည့်ပါ။

‘ပန်းအဖျား လှီးဖြတ်ပေးခြင်း’ ထဲမှာ ဒီလိုရေးခဲ့ပါတယ်။ ဖြတ်ပေးတာ နည်းရင်လဲ ကုပေးတာ အရာမရောက်ဘူး။ ထပ်လုပ်ချင် လုပ်ရတတ်တယ်။ ဒီ ‘အော်ပရေးရှင်း’ က ‘ဗဲရီး-မိုင်နာ’ ပါ။ ဒါပေမဲ့ ကျွမ်းကျင်တဲ့ ဆရာဝန်ကိုသာ အားကိုးပါ။ ‘ရှေ့နေပျိုမှ၊ သမားအိုမှ’ ဆိုတာရှိတယ် မဟုတ်လား။ အတွေ့အကြုံများတဲ့ သူတွေက အသေးစိတ်ကအစ ကြိုမြင်တတ်တယ်။ ခွဲစိတ်ဆရာဝန် တယောက်ရဲ့ ရှိအပ်တဲ့ အရည်အသွေး သုံးရပ်ဆိုတာ ပြောစမှတ်ရှိတယ်။ (၁) အမျိုးသမီးရဲ့ လက်များလို ညင်သာ သိမ်မွေ့ရမယ်။ (၂) သိန်းငှက်တို့ မျက်စိလို စူးရှပြီး မြင်နိုင်စွမ်း ကောင်းရတယ်။ နောက်ဆုံး (၃) ခြင်္သေ့တို့ထုံး နှလုံးမူဆိုတာ ပိုအရေးကြီးတယ်။ သားကောင်ကိုဖမ်းရင် သားကောင်ကြီးကို စိုက်ထုတ်တဲ့ လုံ့လနဲ့ ယုံကလေးကို စိုက်ထုတ်ရတဲ့လုံ့လ အတူတူ ထားရတယ်၊ ‘မိုင်နာ-အော်ပရေးရှင်း’ ဆိုပြီး ခပ်ပေါ့ပေါ့ မလုပ်ရဘူး။

Dr. တင်ဆွေ

Love Coffee ညစ်ညမ်းကော်ဖီ

“သင်္ကြန်အတွင်း မိန်းကလေးများ အထူးသတိပြုရမည့် ကာမစိတ်ကြွစေနိုင်သည့် ကော်ဖီမစ်” ဆိုတဲ့ သတိပေး သတင်းတခုကို (ဖေ့စ်ဘွတ်) မှာ အခုတလော တွေ့ရပါတယ်။ ဒါနဲ့လေ့လာကြည့်တော့ ဒီလိုဒီလို တွေ့ရပါတယ်။

ကော်ဖီမစ်တော့ မဟုတ်ပါ။ တရုပ်လုပ်ဖြစ်ပါတယ်။ Love Coffee (XS-X0014-D) လို့ အရောင်းကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ တွေ့ရပါတယ်။

Aphrodisiac coffee products "လိင်စိတ်အားပေးစေတဲ့ ကော်ဖီ" လို့ ရေးထားပါတယ်။ ကြော်ညာတဲ့ဆိုက်က ရေးထားတဲ့ အင်္ဂလိပ်စာက အမြီးအမောက်သိပ်မတည့်တာလည်း သတိထားမိပါတယ်။ ကြောညာထဲမှာ (ပရက်ဆီးဒင့်) ဆိုသူဟာ ဒီကော်ဖီဆိုတာသောက်ပြီး ၁ဝ မိနစ်နေတော့ အသက်ရှူမဝသလိုဖြစ်လာ၊ ခေါင်းထဲရှိတာကို ဖွင့်ပြချင်လာ၊ ဆန့်ကျင်ဘက်လိင်နဲ့ အတူနေချင်လာတယ်လို့ ဆိုပါတယ်။

3000mg ပါတဲ့ ၄ ထုပ်ကို စက္ကူဘူးမှာထည့်ပြီး ရောင်းချပါသတဲ့။ တထုပ်ကို ရေနွေးပူပူ ၁၅ဝ စီစီထဲမှာ ဖျော်ရတယ်။
သတိပေးချက်တွေလည်း ရေးထားပါသေးတယ်။ အသက် ၁၈ နှစ်အောက်မိန်းကလေးများ မသောက်ရ။ မဖွယ်မရာ လိင်ဆက်ဆံရာမှာ မသုံးရ။ ကိုယ်ဝန်ဆောင်နေရင် ရှောင်ကျဉ်ပါ။

ဒီကုမ္ပဏီရဲ့ ထုတ်ကုန်စာရင်းထဲမှာ ဒါတွေလဲပါသေးတယ်။
1. Slimming Products Slimming Products ပိန်ဆေး၊ = ဆေးတောင့်၊ ဆေးပြား၊ ကော်ဖီ၊ ဆေးရွက်၊ ဆေးမှုံ့။
2. Male and female health products Man and woman Sex products ယောက်ျားသုံး၊ မိန်းမသုံး ကျန်းမာရေးနှင့် လိင်ဘက်ဆိုင်ရာ ထုတ်ကုန်များ = ကွန်ဒွမ်၊ လိင်ဆေးတောင့်၊ လိင်ဆေးပြား၊ ဗိုင်ယာဂရာ (ပန်းသေခြင်းအတွက်ဆေး)၊
3. Woman sex products Woman sex products မိန်းမသုံး လိင်ဘက်ဆိုင်ရာ ထုတ်ကုန်များ။ အခုပြောနေတာက ဒီခေါင်းစဉ်အောက်ကပါ။

တရုပ်နိုင်ငံ၊ ဖူဂျီယန်၊ ဖူဇိုးမြို့ကထုတ်နေတာဖြစ်ပါတယ်။
• MAXIDUS Capsules ကောင်းဆေး၊ ကြာဆေး၊
• Kamagra-100 Sildenafil Citrate Tablets ပန်းသေ-ပန်းညှိုးအတွက်ဆေး၊
• Chong Cao Zang Bian Bao male enhancement ကျားအင်္ဂါကြီးဆေး၊
• Mens Coffee ယောက်ျားသောက်ကော်ဖီ၊
• Ten days erection ကျားအင်္ဂါ သန်မာစေမဲ့ဆေး၊
• STIFF NIGHTS ကျား-စိတ်လာဆေး၊
• Love Coffee မ-စိတ်လာဆေး စတဲ့တခြားဆေးအမျိုးမျိုးတွေလည်း ရောင်းတယ်လို့ ကြောညာမှာပါတာ ဖတ်ရပါတယ်။

ကြော်ညာမှန်းသိစေတဲ့ နောက်တချက်က သူ့ ဝက်ဘ်ဆိုက်ကို ဖွင့်နေရင်း ဆေးအရောင်းကိုယ်စားလှယ်က ‘ကျွန်တော်တို့ အွန်လိုင်းမှာရှိပါတယ်’ ဆိုပြီး အသိပေးချက်က တောက်လျှောက် ထွက်နေပါတယ်။ FDA ခေါ်တဲ့ အစိုးရကနေ တရားဝင်ခွင့်ပြုချက် မပါတာသတိထားရပါမယ်။ ဘေးထွက်-ဆိုးကျိုးနဲ့ ထိရောက်မှုအတွက် သုတေသနလုပ်ထားတာတွေ မတွေ့ရပါ။

စောစောက Advice for Water festival သင်္ကြန်တွင်းကြ ယူကြုံးမရ မဖြစ်ရအောင် ကိုရေးတော့ တယောက် မေးပါတယ် ‘ဘယ်လို အစားအသောက်တွေထဲ ခပ်နိုင်သလဲဆရာ’ တဲ့။ ဘီယာအပါအဝင် အရက်အမျိုးမျိုး၊၊ ကိုလာအပါအဝင် အရည်အမျိုးမျိုး၊ လိမ်မော်ရည်အပါအဝင် သောက်စရာအမျိုးမျိုး၊ နောက်ပြီး ရွှေရင်အေးထဲလဲ ခပ်နိုင်ပါမယ်။ အခုရေးသလို ကော်ဖီထဲမှာလဲ ညစ်ညမ်းဆေးက တခါတည်းပါပြီး ဖြစ်နေနိုင်တာကို သတိပေးပါရစေ။

သင်္ကြန်မှာသာမက အခုကတည်းကနေ နှစ်ကူးပြီးရင်ပါ သတိထားကြစေချင်ပါတယ်။ ‘မကောင်းမှုဟူသည် ဆိပ်ကွယ်ရာမရှိ’ ဆိုတာ မှန်သလို ‘မကောင်းတာလုပ်ချင်သူတွေက နားရက်မယူကြ’ လို့ပါ ဖြည့်လိုက်ပါတယ်။

Tuesday, 18 February 2014

Contraceptive Calendar method ပြက္ခဒိန်နည်း

အမျိုးသမီးတိုင်း အပျိုဖြစ်ပြီးနောက်၊ သွေးမဆုံးခင်အထိ အကြမ်းအားဖြင့် လတိုင်း လလယ်ရက်မှာ မ-မျိုးဥ ထွက်တယ်။ မ-မျိုးဥနဲ့ ကျား-သုက်ပိုး တွေ့ကြမှသာ ကိုယ်ဝန်ရှိနိုင်တယ်။ ဒါ့ကြောင့် ကလေးမရချင်ရင် မ-မျိုးဥနဲ့ တွေ့နိုင်မဲ့ရက်တွေကို ရှောင်ရမယ်။ အတူနေမဲ့ရက်ကို ရွေးလို့ရနိုင်ပေမဲ့ မ-မျိုးဥထွက်မဲ့ရက်ကို ကိုယ်ကနေ ရွေးလို့မရဘူး မဟုတ်ပါလား။ ရက်ရှောင်နည်းဆိုတာ မ-မျိုးဥနဲ့ မတွေ့အောင်ရှောင်ရတာ ဖြစ်တယ်။

မ-မျိုးဥထွက်မဲ့ လလယ်ရက်ဆိုတာ ရာသီစဆင်းတဲ့နေ့ကနေ တွက်ရတယ်။ သွေးဆင်းတာက ၃-၄-၅ ရက်ကြာ တတ်တယ်။ နောက်ဆုံးရက်ဆိုတာ ပြောဘို့မှတ်ဘို့က မတိကျတတ်ဘူး။ စွန်းယုံလေး စွန်းတော့တာကိုလား၊ (ဒိုင်ယာပါ) မသုံးရတဲ့နေ့ ခေါ်မလား၊ ရာသီသွေး စဆင်းတဲ့နေ့ဆိုတာ မှားစရာမရှိဘူး။ ဒါကြောင့် ရာသီနဲ့ပတ်သက်သမျှ ရက်ရှောင်တာ တွက်တွက်၊ ကိုယ်ဝန်ကိုတွက်တွက် ရာသီစဆင်းတဲ့နေ့ကို နေ့အမှတ် (၁) လို့ သတ်မှတ်ထားပါတယ်။

မ-မျိုးဥဘယ်ရက်မှာ ထွက်သလဲ။ လလယ်လို့ ပြောတာ အကြမ်းဖျင်းပြောတာသာဖြစ်တယ်။ တိတိကျကျ ပြောရရင် -
• ၃ဝ% သော အမျိုးသမီးတွေက လလယ်ရက် အတိအကျမှာ မျိုးဥ ထွက်တယ်။
• ၆ဝ% က လလယ်ရက်ထက် ၁ ရက်စောထွက်တယ်။
• ၇၈%က လလယ်ရက်ထက် ၂ ရက်စောထွက်တယ်။

ရာသီလာရက်ရဲ့ ရှေ့ ၇ ရက်၊ ရာသီလာပြီး နောက် ၇ ရက်တွေမှာ အတူနေတာ စိတ်ချရတယ်လို့ ပြောကြတယ်။ ဒါက အကြမ်းပြောကြတာသာ ဖြစ်တယ်။ လေ့လာမှုလုပ်ထားတာကိုသာ ရေးပါရစေ။ ရာသီတလတိုင်းမှာ ကိုယ်ဝန် မရနိုင်တဲ့ရက်တွေက ၂ ပိုင်းရှိတယ်။ ရာသီမလာခင် တပိုင်းနဲ့၊ ရာသီလာပြီးတပိုင်း။ ဒါလဲ အရပ်ပြောဆန်တယ်။ ဆေးပညာအရ ပြောရရင် မ-မျိုးဥ မထွက်ခင်နဲ့ ထွက်ပြီးလို့ ပြောပါတယ်။ မ-မျိုးဥကသာ ကိုယ်ဝန်ရစေတာမို့ ဖြစ်ပါတယ်။ ရာသီသွေးဆင်းတာက ကိုယ်ဝန်နဲ့ တိုက်ရိုက်မပတ်သက်ပါ။ နည်း ၂ နည်း ရေးပါမယ်။

(၁) Standard Days Method (ဂျော့ခ်ျတောင်း) တက္ကသိုလ်က လုပ်ထားတဲ့နည်းဖြစ်တယ်။
• ရာသီတလဟာ ၂၆ ရက်ကနေ ၃၂ ရက်အထိရှိသူ အမျိုးသမီးတွေ သုံးနိုင်တယ်။ ရာသီစဆင်းနေတဲ့ရက်ကနေတွက်ပါ။
• ၁ ကနေ ၇ ရက်အတွင်းမှာ ကိုယ်ဝန်မရနိုင်ဘူး။
• ၈ ကနေ ၁၉ ရက်အတွင်းမှာ ကိုယ်ဝန်ရနိုင်တယ်။
• ၂ဝ ရက်ရဲ့နောက် ကိုယ်ဝန်မရနိုင်ဘူး။ ရာသီလာနေတုံးလဲ မရနိုင်ဘူး။
• စိတ်မချရမှု ၅% ရှိတယ်။

(၂) Rhythm method (Knaus–Ogino method) အချက်ကျတွက်နည်း
• သင်္ချာတွက်ရမယ်။ ရာသီတလမှာ ဘယ်နှစ်ရက်ရှိသလဲ။ တလနဲ့ တလ မတူတတ်ပါ။ အတိုဆုံးလကို ယူပါ။ ဆိုပါစို့ ရက် ၃ဝ ကနေ ၃၆ ရက်ရှိသူဟာ ၃ဝ ရက်ကိုယူပြီး တွက်ချက်ရမယ်။
• မ-မျိုးဥမထွက်ခင် စိတ်ချရတဲ့ရက်သိအောင် ၃ဝ ထဲကနေ ၁၉ နုတ်ရမယ်။ ၃ဝ - ၁၉ = ၁၁ ရတယ်။ ရာသီ စဆင်းတဲ့နေ့ နောက် ၁၁ ရက်အထိ ကိုယ်ဝန်မရနိုင်ဘူး။
• မ-မျိုးဥထွက်ပြီးနောက် စိတ်ချရတဲ့ရက်သိအောင် ၃ဝ ထဲကနေ ၁ဝ နုတ်ရမယ်။ ၃ဝ - ၁ဝ = ၂၆ ရတယ်။ ရာသီစဆင်းတဲ့နေ့ ၂၆ ရက်ကစပြီး ကိုယ်ဝန်မရနိုင်ဘူး။ ဒိနောက်မှာ ရာသီလာမယ်။ လာနေတုံးလဲ မရနိုင်ဘူး။
• စိတ်မချရမှု ၉% ရှိတယ်။

ရက်ရှောင်ပြီး သားဆက်ခြားနည်းဟာ အကုန်အကျ အနည်းဆုံးဖြစ်တယ်။ Sexual act လိင်ဆက်ဆံမှုနဲ့ Orgasm ဆန္ဓပြည့်ဝမှုကို အနှောင့်အယှက် မဖြစ်စေသလို၊ ဘေးထွက်-ဆိုးကျိုးလဲ မရှိပါ။ ဒါပေမဲ့ မတော်တဆ ကိုယ်ဝန် ရနိုင်နှုန်းက အမြင့်ဆုံး ဖြစ်တယ်။ STDs လိင်ကတဆင့် ကူးစက်ရောဂါတွေကို အကာအကွယ် မပေးနိုင်လို့ Condom (ကွန်ဒွမ်) လဲသုံးပါ။

သုတေသနရလဒ်တွေ -
• ၈ ရက်မြောက်နေ့ကနေ ၁၉ ရက်အတွင်းဟာ ကိုယ်ဝန် အရနိုင်ဆုံး ရက်တွေ ဖြစ်တယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း “မဆက်ဆံသူ” တွေထဲက ၄့၇% ကိုယ်ဝန်ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း “ဆက်ဆံသူ” တွေထဲက (ကွန်ဒွမ်) နည်း၊ သုက်ရည်ကို အပြင်ထုတ်နည်း သုံးသူတွေမှာ ၅့၆% ကိုယ်ဝန် ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း ဘာအကာအကွယ်မှ မသုံးဘဲဆက်ဆံသူတွေထဲက ၁၁့၉% ကိုယ်ဝန် ရကြတယ်။
• မျိုးဥထွက်ရက်အတိမှာ ဆက်ဆံသူတွေ ၈-၁ဝ% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၅ ရက် အလိုမှာ ဆက်ဆံသူတွေ ၄% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၄ ရက်အလိုမှာ ဆက်ဆံသူတွေ ၁၅% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၂ ရက်အလိုမှာ ဆက်ဆံသူတွေ ၂၅-၂၈% ကိုယ်ဝန်ရကြတယ်။

Dr. တင့်ဆွေ